စင်္ကာပူမှာက ကြက်သားက ဈေးလည်းပေါ၊ အသားကလည်း နူးနူးညံ့ညံ့၊ Ready-Made ပလာတာလည်း ၀ယ်လို့ရတော့ ကြက်သား ပလာတာ လုပ်စားဖြစ်ပါတယ်။ Wet Market သွားပြီး ကြက်တစ်ကောင်ဝယ်၊ ဆိုင်မှာပဲ မကြီး မသေး တုံးခိုင်းလိုက်တယ်။ ဈေးမသွားခင်တော့ (မြန်မာပြည်က သယ်လာတဲ့) ကုလားပဲကို ရေစိမ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကြက်ကို အသေအချာ ရေဆေးပြီး၊ ဆား၊ဆနွင်းနဲ့ အသားမဆလာ နည်းနည်းလူး၊ ဒိန်ချဉ်နည်းနည်းပါ ထည့်နယ်ပြီး Marinateလုပ် (နှပ်)ထားလိုက်တယ်။ အာလူးကို ကြီးကြီး တုံးပြီး ကြော်ထားလိုက်ပါတယ်။ ဟင်းထဲ ထည့်ချက်ဖို့ပါ။ အာလူးက ဒီအတိုင်း ထည့်ချက်ရင် ကြေသွားပြီး ဆီတွေပါ စုပ်သွားတတ်တော့ ကြော်ပြီးမှပဲ ထည့်တော့တယ်။ ကြက်သွန်နီများများကို လှီးထားပြီး ကြော်ထားတယ်။ ကုလားပဲကို ပြုတ်ထားတယ်။
ဟင်းချက်ဖို့ ကြက်သွန်ဖြူ၊ ဂျင်းကို ငရုပ်သီးမှုန့်နဲ့ နာနာ ဆီသတ်တယ်။ ဆီမသတ်ခင် ဆီပူကို ဆီသတ်ရွက် (ပျဉ်းတော်သိမ်) အရွက်နည်းနည်းရယ်၊ သစ်ကြမ်းပိုးခေါက် (Cinnamon) တစ်ချောင်း နှစ်ချောင်းလောက်ရယ်နဲ့ မွှေးအောင် အရင်လုပ်လည်းရတယ်။ မလုပ်လည်းရတယ်။ ပြီးမှ နှပ်ထားတဲ့ ကြက်သားတွေ ထည့်လိုက်တယ်။ သူ့မှာရှိတဲ့ ရေနဲ့ပဲ လုံးထားလိုက်တယ်။ ပြီး နူးလောက်တဲ့ အထိ ရေနည်းနည်း ချိန်ထည့်ပါတယ်။ ကြက်သားတွေ အနေတော် ဖြစ်မှ အာလူးထည့်လိုက်တယ်။ ဆီပြန် ရေကျန် ဖြစ်ခါနီးကျတော့မှ ကြော်ထားတဲ့ ကြက်သွန်ကြော်တွေ ထည့်လိုက်တယ်။ ဟင်းမွှေး မဆလာထည့်တယ်။ ကြက်သွန်ကြော်နဲ့ မဆလာ ထည့်လိုက်ပြီးတဲ့ အချိန်မှာတော့ ဟင်းအိုးဟာ အရောင်တက်လာပြီး အနှစ်များများ ရနံ့မွှေးမွှေးနဲ့ စားချင်စဖွယ် ဖြစ်လာလိမ့်မယ်။ အလှူဂရိတ် (Grade) ချက်ချင်ရင်တော့ ဘိန်းစေ့နဲ့ နို့စိမ်းထည့်လည်း ရပါတယ်။ စိမ့်စိမ့်လေးပေါ့။
ပြုတ်ထားတဲ့ ပဲတွေကို ချေတယ်။ Blender နဲ့ ထည့်မွှေလည်း ရတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နီကြွတ်နေအောင် ဆီနည်းနည်းနဲ့ သတ်ပြီး ပဲတွေထည့်မွှေ၊ ခဏနေရင် ရေနွေးထည့်ပြီး အရည်သောက် ပဲဟင်း အချို ချက်ထားတယ်။ ပျဉ်းတော်သိမ်ရွက်လေး အုပ်ရင်လည်း ကောင်းတယ်။ ကြက်သွန်နီရယ်၊ သခွားသီးရယ်၊ ပူစီနန်ရယ်၊ ငရုပ်သီးစိမ်းရယ်ကို အချဉ်လုပ်ဖို့ ခွာနွှင်လှီးချွတ် ရေဆေးတယ်။ စားခါနီးကျမှ ဆားနည်းနည်းထည့်၊ သံပုရာသီး ညှစ်ပြီး အချဉ်လုပ်တယ်။ ပလာတာတွေကို ကြော်ပြီး နည်းနည်း အေးရင် ရိုက်ထား၊ ဖွထားလိုက်တယ်။ ဒီလိုဆိုရင်တော့ ကြက်သား ပလာတာ ကောင်းကောင်း စားလို့ ရပါပြီ။အိမ်မှာ ကြက်သား ပလာတာ ချက်စားတာ အလုပ်ရှုပ်မှု Medium အဆင့်မှာ ရှိတော့ ဧည့်သည်တွေ ဘာတွေ ဖိတ်ကျွေးမှပဲ ချက်စားဖြစ်ပါတယ်။ ရန်ကုန်မှာလည်း အိမ်တက်တာ ဘာတို့မှာ ကြက်သား ပလာတာ ကျွေးကြပါတယ်။ မှတ်မှတ်ရရ အဘိုး ရက်လည်းတုန်းက မုန့်ဟင်းခါး မကျွေးဘဲ ကြက်သား ပလာတာ ကျွေးပါတယ်။ ဂျုံပေါပြီး ကောင်းတဲ့ မန္တလေးက လူတွေကို ဖိတ်ကျွေးတော့ သူတို့ဆီမှာ ကြက်သား ပလာတာမျိုးဟာ အပြင်မှာပဲ စားတာ ဖြစ်ပြီး ဒီလို အိမ်မှာ ချက်စား၊ အလှူပေးလေ့ မရှိပါဘူးတဲ့။ အင်းထဲက လူတွေက ကောက်ညှင်းပေါင်းနဲ့ အကြော်ကို အလှူမှာ ကျွေးတယ်ဆိုတော့ ဒီလိုဆိုတာ မဆန်းပါဘူး။
No comments:
Post a Comment